နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးညွန့်က
မတ် ၁ ရက်တွင် ပြောသည်။
“ညီလာခံ ကျင်းပပုံတွေကို သုံးရက်စလုံး တိုက်ရိုက်ထုတ်လွှင့်
ပြသသွားမှာပါ။ ဥက္ကဋ္ဌ မိန့်ခွန်းပြောတာ၊ ဖွင့်ပွဲအခမ်းအနားနဲ့ တခြားအလျဉ်းသင့်တာတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမှာပါ” ဟု ဦးစိုးညွန့်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပပုံကို Sky Net ရုပ်သံလိုင်း၏ Myanmar International နှင့် Sky Net Up to Date Channel များတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ် မတ် ၈၊ ၉၊ ၁၀ ရက်များတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်
ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင် ပြုလုပ်မည်ဖြစ်သည်။
ညီလာခံဖွင့်ပွဲ ကျင်းပသည့် မတ် ၉ ရက်တွင် သတင်းဌာနများ သတင်းရယူနိုင်ရန် ဖိတ်ကြားလွှာများကို မတ် ၂၊ ၃၊ ၄ ရက်များတွင်
တော်ဝင်နှင်းဆီရှိ ညီလာခံကျင်းပရေး သတင်းနှင့် ပြန်ကြားရေး ဌာနတွင် နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း လာရောက် ရယူနိုင်ကြောင်းနှင့် လုံခြုံရေးနှင့် နေရာအခက်အခဲကြောင့် သတင်းဌာန တစ်ခုလျှင် နှစ်ဦးသာ ဖိတ်စာနှင့်တကွ ကြွရောက်ရန် ကျင်းပရေး ကော်မတီမှ ထုတ်ပြန်ထားသည်။
အဆိုပါ ညီလာခံသို့ တိုင်းနှင့် ပြည်နယ်များမှ ရွေးချယ်တင်မြှောက် ထားသော ညီလာခံ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၁၅၀၀ ၀န်းကျင် တက်ရောက်မည် ဖြစ်ကြောင်းနှင့် အလုပ်အမှုဆောင်၊ ဗဟိုအလုပ်
အမှုဆောင် အဖွဲ့ဝင်များနှင့် ဥက္ကဋ္ဌအသစ်ကို ရွေးချယ်မည်
ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီတွင်
ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဆိုင်းဘုတ်ကို တွေ့ရစဉ်
Eleven Media Group
http://feeds.feedburner.com/thithtoolwin/yIWV