အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


တောင်သူလယ်သမားနေ့

တောင်သူလယ်သမားနေ့
မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ် ပုဂံခေတ်မတိုင်မီကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍဍ အမှီပြု၍ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ရဝ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ
ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘဝမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသည်။

၁၈၆၉ ခုနှစ်တွင် ဆူးဆက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။ ယင်းကြောင့် ၁၈၅၂ အင်္ဂ္လိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂ္လိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသောအခါတွင် အင်္ဂ္လိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌဌာန်းခဲ့သည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို

ဂရန်မြေ (အပိုင်စာချုပ်မြေ)
အငှားစာချုပ်မြေ
ယာယီလုပ်ခွင့်ရမြေ
မြေနုကျွန်းမြေ
နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။
ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူ အဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။

ယင်းကြောင့် အင်္ဂ္လိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘဝမှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။

၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက်သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဂဠုန်ဆရာစံက “သုပဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

အင်္ဂ္လိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘဝမှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌဌာန်းပေးကာ လယ်သမားတို့၏ ဘဝကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်း တောင်သူလယ်သမားဘဝ မြင့်မားစေရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။ သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့်အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ
တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။

တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အထိမ်းအမှတ်ပွဲများ ကျင်းပ
တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်နဝါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂ္လိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမားနေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်

Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels