(The Voice Weekly Vol-9, No-6 Editorial)
မကြာသေးခင် ရက်ပိုင်း အတွင်းက The Voice Weekly ၏ အွန်လိုင်း လူမှုရေး စာမျက်နှာ Facebook Account နှောင့်ယှက်တိုက်ခိုက် Hack ခံခဲ့ရပါသည်။ ထိုမတိုင်မီ ကလည်း The Voice Weekly ၏ ဝက်ဘ်ဆိုဒ်နှင့် ပြည်တွင်းမှ နာမည်ကြီး မီဒီယာ တစ်ခုဖြစ်သည့် Eleven Media ဝက်ဘ်ဆိုဒ် ကိုလည်း ဟက်ကာများက တိုက်ခိုက် ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုဒ် ကိုပင် တိုက်ခိုက် လာသည် အထိ အတင့်ရဲ လာသည်ကို တွေ့ရပါသည်။ ဤအခြေအနေ များကို ကြည့်လျှင် မြန်မာနိုင်ငံ၏ ဆိုင်ဘာ လုံခြုံရေးမှာ အထူး စိုးရိမ်ဖွယ်ရာ ကောင်းနေပြီ ဖြစ်ကြောင်း သိသာ ထင်ရှားလှပါသည်။ သို့ဆိုလျှင် ထိုသို့ တိုက်ခိုက်နှောင့်ယှက်မှု များကို မည်သို့ တားဆီး ကာကွယ် နိုင်ပါသနည်း။ တိုက်ခိုက်သူ များကို မည်သို့ဖော်ထုတ် အရေးယူ နိုင်ပါသနည်း ဆိုသော မေးခွန်းများ မေးရန် ရှိလာပါသည်။
မှန်ပါသည်။ ထိုမေးခွန်းများကို အခြေခံကျကျ ဖြေဆိုရမည် ဆိုပါက အွန်လိုင်းပေါ်တွင် ရှိနေကြသော ဝက်ဘ် ဆိုဒ် များ၊ လူမှုရေးကွန်ရက် စာမျက်နှာများ လုံခြုံရေး အတွက် သက်ဆိုင်ရာ ကာယကံရှင်များ အနေနှ င့် မိမိတို့ဘာသာ လုံခြုံရေးကို ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည် ဟူသော အဖြေဖြစ်ပါသည်။ ထိုသို့ ပြင်ဆင် ထားသည့်ကြားက တိုက်ခိုက်ခံရပါက တည်ဆဲ ဥပဒေများက တတ်နိုင်သမျှ အကာကွယ် ပေးနိုင်ရပါမည်။ နိုင်ငံတကာ တွင်မူ ဆိုက်ဘာ ရာဇဝတ်မှုများ စောင့်ကြည့် ထိန်းကွပ်ပေးကာ၊ လိုအပ်ပါက အရေးယူမှုပါ ဆောင်ရွက်ပေးသည့် ဆိုက်ဘာရဲများ ရှိပါသည်။ မြန်မာနိုင်ငံတွင်မူ ဆိုက်ဘာ အမှုအခင်း များအတွက် စနစ်တကျ ပြင်ဆင်ဆောင်ရွက် ထားခြင်းမျိုး မရှိသော်လည်း ထိုသို့ ပြင်ဆင် ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲထားကြောင်း ကိုသာ အိုင်တီလောကသား အချို့ထံမှ ကြားသိရပါသည်။
မြန်မာနိုင်ငံတွင်၂၀၀၄ခုနှစ်အတွင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဋ္ဌာန်း အတည်ပြု ခဲ့သော အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေ ရှိပါသည်။ အိုင်တီ လောကသား အချို့၏ အဆို အရ ထိုဥပဒေတွင် အွန်လိုင်းမှ တစ်ဆင့် ကျူးလွန်နိုင်သော ပြစ်မှုများနှင့် ပတ်သက်၍ ရှင်းလင်း ချက် များ၊ အရေးယူ ဆောင်ရွက်နိုင်သည့် ပြစ်ဒဏ်များ ပါဝင်သည်ဟု သိရပါသည်။ သို့သော် ၂၀၀၇ခုနှစ် သံဃာေ တ်ာများ ဆန္ဒပြမှု အပြီး နာမည်ကျော် ဟာသအနုပညာရှင် ကိုသူရခေါ် ဇာဂနာနှင့် အားကစား ဂျာနယ် အယ်ဒီတာချုပ် ကိုဇော်သက်ထွေး အပါအဝင် အာဏာပိုင်တို့ မျက်မုန်းကျိုး နေသူအချို့ ထို အီ လက် ထရွန် နစ် ဆက်သွယ်ရေး ဥပဒေအရ ပြည်ပမှ ပေးပို့သော အီးမေးလ် လက်ခံမိသည့် အတွက် ထောင် ဒဏ် ၁၅နှစ် အပြစ်ပေးခြင်း တစ်ခုသာ ထင်ရှား သိသာသော အရေးယူမှု ဖြစ်ပါသည်။ ယနေ့ အချိန်အထိ ဝက်ဘ်ဆိုဒ်များနှင့် အွန်လိုင်း လူမှုရေး ကွန်ရက် စာမျက်နှာများကို တိုက်ခိုက်နေသည့် ဟက်ကာ များကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ခြင်း တစ်စုံတစ်ရာ မရှိသေးပေ။
မြန်မာနိုင်ငံရှိ မီဒီယာများ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံတော် သမ္မတရုံးတို့၏ တရားဝင် ဝက်ဘ်ဆိုဒ် များနှင့် အွန်လိုင်းလူမှုရေး စာမျက်နှာများ ပေါ်တွင် အဆိုးမြင် သဘောထား မှတ်ချက်၊ သုံးသပ် ချက်များကို ရည်ရွယ်ချက်ရှိရှိ တင်နေကြခြင်း၊ ပြည်သူလူထုကို သတင်းပြန်ကြား ပေးခြင်းဖြင့် နိုင်ငံတော် အကျိုးစီးပွား အတွက် မီဒီယာတာဝန် ထမ်းဆောင် နေကြသည့် သတင်းမီဒီယာ များကို နှောင့်ယှက် ခြိမ်းခြောက်ခြင်း၊ ပြည်သူလူထု အပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဈေးကွက်၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ မီဒီယာ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တို့အကြား အထင်အမြင် လွဲမှားစေရန် အဆိုးမြင် သက်သက်ဖြင့် သွေးထိုးလှုံ့ဆော် ရန်တိုက်ပေးခြင်း တို့သည်လည်း Stakeholder အားလုံး အားကြိုးမာန်တက် လုပ်ဆောင်နေသည့် နိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု တို့ကို အဟန့်အတား ဖြစ်စေပါသည်။
မြန်မာနိုင်ငံသည် ယခုအခါ ကမ္ဘာကြီး တစ်ခုလုံးနှင့် အရာအားလုံးနီးပါး ချိတ်ဆက်မိနေပြီ ဖြစ်ပါသည်။ တစ် နည်း အားဖြင့် ဆိုရပါက ကမ္ဘာ့ အမြန်လမ်းမကြီး ပေါ်တွင် ရောက်ရှိနေသော ယာဉ်တစ်စင်း ဖြစ်နေ ပါသည်။ ထို့ကြောင့် အမြန်လမ်းမကြီးတွင် ကြုံရနိုင်သည့် ဘေးအန္တရာယ်များ ကာကွယ်ရေး၊ လုံခြုံရေး ကိုလည်း မဖြစ်မနေ ပြင်ဆင် လုပ်ဆောင်ထားရမည် ဖြစ်ပါသည်။ နိုင်ငံအတွင်းသို့ စီးပွားရေး အရ ရင်းနှီးမြှု ပ်နှံ ကုန်သွယ်ရန်သော် လည်းကောင်း၊ နည်းပညာ၊ အတတ်ပညာ၊ လူမှုရေး အကူအညီပေးရန် အားဖြင့်ေ သ်ာလည်းကောင်း လာရောက် ကြသူ နိုင်ငံခြားသား၊ နိုင်ငံခြား လုပ်ငန်းရှင် အသင်းအဖွဲ့များနှင့် နိုင်ငံသား အားလုံးကို ဆိုက်ဘာ ရာဇဝတ်မှုများ၊ ဆိုက်ဘာ နှောင့်ယှက်ဖျက်ဆီး လိုသူများ အန္တရာယ်မှ အကာအကွယ် ပေးနိုင် မည့် လုံခြုံရေးစနစ် တစ်ရပ် အပူတစ်ပြင်း လိုအပ်နေပြီ ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် သက် ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူ များသည် အိုင်စီတီ လောကအတွင်းမှ ပညာရှင်များ၊ မီဒီယာ များ၊ နိုင်ငံတကာရှိ ဆိုက်ဘာ ရာဇဝတ်မှု စောင့်ကြည့် ထိန်းချုပ် အရေးယူမှု အတွေ့အကြုံရှိသူ နိုင်ငံတ ကာ ဆိုက်ဘာ ရဲတပ်ဖွဲ့များ၊ လွတ်လပ်သည့် အဖွဲ့အစည်းများ နှင့် တွေ့ဆုံ ဆွေးနွေးကာ လုံခြုံရေး၊ စုံစမ်းဖော်ထုတ်ရေး၊ အပြစ်ဒဏ်ချ အရေးယူနိုင်ရေး တို့ကို ပူးပေါင်းဆောင်ရွက် သင့်ပါကြောင်း အထူး တိုက်တွန်း နှိုးဆော် အပ်ပါသည်။
အယ်ဒီတာ (၆-၂-၂ဝ၁၃)