အမရပူရမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဟုမ္မလင်းမြို့နယ် ထမံသီတွင် လူ ၃၃ ဦး အဆိပ်သင့်၊ ၆ ဦးသေဆုံး

ဟုမ္မလင်းမြို့နယ် ထမံသီတွင် လူ ၃၃ ဦး အဆိပ်သင့်၊ ၆ ဦးသေဆုံး:

DVB News, 27February 2013  —–  စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာမှာ လူ ၃၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့အနက် ၆ ဦး သေဆုံးသွားတယ်လို့ ထမံသီဆေးရုံက ပြောပါတယ်။
ထမံသီကျေးရွာအုပ်စု သစ်ပါးလွှာစက်ရုံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ အဆိပ်သင့်ပြီး ဖေဖ်ာဝါရီလ ၂၆ ရက်နေ့ နေ့ခင်း ၂ နာရီကျော်က ဆေးရုံရောက်လာကြတယ်လို့ ဆိုပါတယ်။
၃ ဦးက သေဆုံးနေပြီး ကျန်တဲ့ ၃ ဦးကတော့ ညနေ ၅ နာရီကျော်လောက်မှာ ဆုံးသွားတာလို့ ထမံသီဆေးရုံ သူနာပြုဆရာမ ဒေါ်ကြည်ကြည်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ သေဆုံးသူတွေဟာ တကိုယ်လုံး ပြာနှမ်းသွားတယ်လို့ ဆိုပါတယ်။
အခုလောလောဆယ် ဆေးရုံမှာ  အဆိပ်သင့်လူနာ စုစုပေါင်း ၂၇ ဦးရှိပြီး အမျိုးသား ၁၃ ဦးနဲ့  အမျိုးသမီး ၁၄ ဦးဖြစ်ကြောင်း၊ အခြေအနေ မစိုးရိမ်ရကြောင်း၊ အဆိပ်သင့်ရခြင်း အကြောင်းရင်းကို အတိအကျ မသိရေသးပေမယ့် သူတို့နေ့ခင်းက စားသုံးခဲ့တဲ့ အစားအစာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ ဟုမ္မလင်းမြို့နယ်ကနေ မုံရွာ အဲဒီကမှတဆင့် တိုင်းရုံးကို ပို့မယ်လို့ ဆိုပါတယ်။
သူတို့အကုန်လုံးဟာ လပြည့်နဂါးကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံက ဝန်ထမ်းတွေဖြစ်ပြီး စုစုပေါင်းဝန်ထမ်း ၄၀  ရှိကြောင်း၊ ဝန်ထမ်းတွေကို စက်ရုံက နေ့တိုင်း စရိတ်ငြိမ်း ချက်ပြုတ် ကျွေးမွေးတယ်လို့ ဆိုပါတယ်။
ဒီအဆိပ်သင့်မှုကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဌာနကလည်း  ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပြီး အလုပ်သမားတွေဟာ မနက် ၁၁ နာရီက အသားခြောက်ကျော်၊ ဘူးသီး၊ ပဲသီးနဲ့ ပဲပွားပါ စုပေါင်းဟင်းကို ကျား ၁၉ ဦးနဲ့ မ ၁၄ ဦးတို့ စားသုံးခဲ့ကြောင်း၊ စုစုပေါင်း အမျိုးသား ၆ ဦး သေဆုံးခဲ့ရာမှာ ၅ ဦးက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်က ဖြစ်ပြီး ၁ ဦးက ညောင်ပင်ဇောက်ရပ်ကွက်ကလို့ ဖော်ပြထားပါတယ်။
အဆိုပါစက်ရုံမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့တုန်းကလည်း ပထမအကြိမ် အစာအဆိပ်သင့်ခဲ့လို့ လူ ၃၂ ဦး ဆေးရုံတက်ခဲ့ရပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းတွေ ဆက်ပြီးတင်ပြသွားမယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသွားပါတယ်။
by နန်းမြနဒီ
Share:

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ

NLD ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
ပါတီဝင်တိုင်း သိထားသင်.သည်
Powered by Blogger.

Labels

Blog Archive