
DVB News, 10February 2013 —- ရန်ကုန်မှ လိုင်ဇာအထိ ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်လာနေတဲ့သူတွေဟာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပုလိပ်မြို့နယ်ကို ရောက်ရှိတဲ့ အချိန်မှာ လူနဲ့ သံဃာအပါအဝင် စုစုပေါင်း လမ်းလျှောက်သူ ၇၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။
အရင်က လူ ၂၂ ဦးနဲ့ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်တဲ့ခရီးစဉ်ဟာ မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့နယ်ကို ရောက်တဲ့အခါမှာတော့ လမ်းလျှောက်တဲ့သူ အရေအတွက် ၇၀ နီးပါးရှိလာတာ ဖြစ်ပါတယ်။
မုံရွာကနေ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့သူတွေ လာရောက်ပူးပေါင်းခဲ့သလို မြင်းခြံကလမ်းလျှောက်သူတွေလည်း အခု ပုလိပ်မှာ လာရောက် ပူးပေါင်းကြပီ ဖြစ်ပါတယ်။ အခုအခါ သံဃာတော် ၁၅ ပါး၊ အမျိုးသား ၄၇ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆၃ ဦး ရှိနေပြီလို့ ဦးဆောင် လမ်းလျှောက်တဲ့ ကိုရန်နိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် မြင်းခြံက လမ်းလျှောက်သူ သံဃာတော်နဲ့ လူ ၆ ဦးတို့ ပူးပေါင်းရေး ကိစ္စကို ညကျရင် ဆွေးနွေးမယ်လို့ ဆိုပါတယ်။
“မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပုလိပ်မြို့ကိုရောက်ပြီ။ မူလငါးဆူဘုန်းကြီးကျောင်းမှာတည်းနေပါတယ်။ ဒီည ပုလိပ်မှာပဲအိပ်မယ်။ ပူးပေါင်းရေးကိစ္စမပြောရသေးဘူး။ ကျနော်တို့ရော သူတို့ရော ခရီးပန်းလို့နားနေကြတယ်။ ကျနော်တို့ရဲ့ရည်ရွယ်ချက်နဲ့ ရပ်တည်ချက်အပေါ် သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ရပ်တည်ချက်ကို လက်ခံမယ်ဆိုရင်တော့ ပူးပေါင်းသွားမယ်။”
အရင်ရက်ပိုင်းက ဗိုက်နာလို့ ဆေးကုသခံရသူ ၁ ဦး လမ်းပြန်လျှောက်နေပြီ ဖြစ်သလို ခြေထာက်ဒဏ်ရာရတဲ့ သံဃာတော်ကလည်း တောင်ဝှေးကို အားပြုပြီး ဆက်လက် ချီတက်လာတယ်လို့ ဆိုပါတယ်။
နှာခေါင်းသွေးလျှံသွားတဲ့ ကိုဇင်ဖြိုးဝေ ကတော့ လမ်းဆက်မလျှောက်နိုင်ပေမယ့် နောက်က ကားနဲ့ လိုက်ပါလာပြီး အကူအညီတွေ ပေးနေတယ်လို့လည်း သူက ပြောပါတယ်။
မနက်ဖြန်မှာ မန္တလေးကို သွားမယ်လို့ ဆိုပါတယ်။ ဖေဖ်ာဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့နဲ့ ဖေဖ်ာဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မန္တလေးမှာ ရပ်နားမယ်လို့ ဆိုပါတယ်။
ဒီအထဲက ငြိမ်းချမ်းရေး လမ်းလျောက်သူတချို့ဟာလည်း လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈ကို ချိုးဖောက်လို့ မြို့နယ် ၁၀ ခုကျော်က တရားစွဲဆိုထားပါတယ်။
by ဒီဗွီဘီ